www.24work.blotsport.com

Blogger Widgets Blogspot Tutorial Blogger Widgets Blogspot Tutorial

Tuesday, June 18, 2013

စိတ်ကူးပျော်ရာ: ဥပေက္ခာဘာဝနာသဘော

စိတ်ကူးပျော်ရာ: ဥပေက္ခာဘာဝနာသဘော:

ဥပေက္ခာဘာဝနာသဘော



အရှင်နန္ဒသေနာလင်္ကာရ

သတ္တ၀ါတွေ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေရဲ့ ကောင်းမကောင်း၊ အပြုအမူ အဖြစ်အပျက်တွေမှာ အကောင်းသို့ လည်းမလိုက်၊ အဆိုးဘက်သို့လည်းမလိုက်ဘဲ စိတ်ကို အလယ်အလတ်ထားတာကို “ဥပေက္ခာ” လို့ ဖွင့်ဆိုကြပါတယ်။ ဘာဝနာဆိုတာကတော့ ဆိုင်ရာ သမထအလုပ် ၀ိပဿနာအလုပ်တွေမှာ အဆုံးအစွန်ထိရောက်အောင် မဖြစ်မနေ အကြိမ်ကြိမ်အထပ်ထပ် ကြိုးစားအားထုတ်တာကို ခေါ်တာပါ။ ဒီတော့...

ဥပေက္ခာဘာဝနာဆိုတာ သတ္တ၀ါတွေ သင်္ခါရတရားတွေနဲ့ အဲဒီ သတ္တ၀ါ သင်္ခါရတရားတွေရဲ့ ကောင်း,မကောင်းအပြုအမူ၊ အဖြစ်အပျက်တွေမှာ စိတ်ကို အလယ်အလတ်ထားပြီး (ထားနိုင်အောင်) ကြိုးစားပွားများတာကို ဥပေက္ခာဘာဝနာ ခေါ်တယ်လို့ အကျဉ်းချုပ် မှတ်ထားနိုင်ပါတယ်။ ဒီအကျဉ်းစကားလောက်နဲ့ ဥပေက္ခာသဘောကို နားလည်ဖို့ ခက်ပါလိမ့်မယ်။ ဒီတော့ အလောင်းတော်ဘ၀က ဖြည့်ဆည်းတော်မူခဲ့တဲ့ ဥပေက္ခာပါရမီအကြောင်းကို လေ့လာကြည့်ရင် မြင်လွယ်နားလည် လွယ်မှာမို့ ဒီသာဓကလေးကို ဦးစွာ လေ့လာကြည့်သင့်ပါတယ်။

ပါရမီဖြည့်စဉ်ကာလ ဘ၀တစ်ခုတုန်းကပေါ့၊ အလောင်းတော်ဟာ ပစ္စည်းဥစ္စာချမ်းသာတဲ့ အမျိုးအနွယ်တစ်ခုမှာ လူသား တစ်ယောက် ဖြစ်လာပါတယ်။ အရွယ်ရောက်တဲ့အခါ တက္ကသိုလ်သို့သွားပြီး အဋ္ဌာရသပညာရပ်တွေကို ပြီးဆုံးအောင် သင်ယူရပါတယ်။

ပညာရေးကိစ္စပြီးဆုံးတော့ မိဘရပ်ထံပြန်လာပြီး မိဘတွေကို တရိုတသေ ပြုစုလုပ်ကျွေးပါတယ်။ မိဘတွေ ကွယ်လွန်ပြီး နောက်မှာတော့ တောထွက်ပြီး ရသေ့ဝတ်နဲ့နေဖို့ စိတ်ကူးပါသေးတယ်။ ဒါပေမဲ့ ရသေ့ဝတ်နဲ့နေရင် “လူ့ဘ၀ တုန်းက အဋ္ဌာရသ ပညာရပ်တွေကို တတ်မြောက်ခဲ့သူ ပစ္စည်းဥစ္စာနဲ့ ပြည့်စုံသူ-ရယ်လို့ ပတ်ဝန်းကျင်က အထင်ကြီးကြ လိမ့်မယ်။ အလေးထားကြလိမ့်မယ်။ ဒီလို အထင်ကြီးအလေးပေးခံရမှုဟာ စက်ဆုပ်စရာပဲ”လို့ တွေးမိပါတယ်။

ဆက်ပြီးတော့လည်း “ငါ့ကို အထင်သေး အမြင်သေး နိုင်ထက်စီးနင်းလုပ်သူတွေအပေါ်မှာလည်း

ကျေနပ်နှစ်သက်မဖြစ်ဘဲ စိတ်ကို အလယ်အလတ်မှာထားတဲ့ အကျင့်မြတ်ကို ငါကျင့်မယ်” လို့ ဆုံးဖြတ်လိုက်ပါတယ်။ အလောင်းတော်ဟာ ရှိသမျှ ပစ္စည်းဥစ္စာတွေကိုစွန့်ပြီး ရသေ့ဝတ်နဲ့မဟုတ်ဘဲ အိမ်မှာဝတ်မြဲဖြစ်တဲ့ အ၀တ်တစ်စုံတည်းနဲ့ အိမ်က ထွက်ခဲ့ပါတော့တယ်။

အလောင်းတော်ဟာ အထင်သေးအမြင်သေးစရာ လူနုံလူအ တစ်ယောက်လိုပုံစံနဲ့ အရပ်တကာကို လှည့်လည်သွား လာနေထိုင်ပါတယ်။ အများအားဖြင့် တစ်နေရာမှာ တစ်ရက်သာနေထိုင်ပေမဲ့ မရိုမသေ မလေးမစား ဆက်ဆံခံရတဲ့နေရာ မျိုးဆိုရင်တော့ ရက်ကြာကြာနေပြီး အလယ်အလတ် ရှုမြင်နိုင်အောင် အထူးကြိုးစားကျင့်ကြံတော်မူ
ပါတယ်။

ဒီလိုနဲ့ လတွေနှစ်တွေ ကြာလာတဲ့အခါ အိမ်က၀တ်လာခဲ့တဲ့ အ၀တ်တွေ ဆွေးမြည့်လာပါတယ်။ လူတွေက ၀တ်စရာပေးပေမဲ့ လက်မခံဘဲ မိမိရဲ့ ဟောင်းနွမ်းဆွေးမြည့်နေတဲ့ အ၀တ်တွေထဲက ကောင်းနိုးရာရာလေးတွေနဲ့ အရှက်လုံရုံ ဖုံးအုပ်ပြီး နေထိုင်ပါတယ်။

ဒီလိုနေလာရင်းနဲ့ တစ်နေ့မှာတော့ အင်မတန် ကိုယ်ကြမ်းနှုတ်ကြမ်း အစအနောက်သန်လွန်းတဲ့ လူငယ်တွေရှိရာ ရွာတစ်ရွာကို ရောက်သွားပါတယ်။ လူငယ်တွေဟာ အလောင်းတော်ကို မြင်တယ်ဆိုရင်ပဲ သူတို့အတွက် စ,နောက်လှောင်ပြောင်စရာတစ်ခု ရပြီဆိုတဲ့ ပျော်ရွှင်မှုတွေနဲ့ စုပြုံဝိုင်းအုံလာကြပါတော့တယ်။ အလောင်းတော်ဟာ လူငယ်တွေကို ကြောက်လန့်သလိုပုံစံမျိုး, အစအနောက် မခံဝံ့သလိုပုံစံမျိုးနဲ့ ခပ်သွက်သွက် ထွက်သွားပါတယ်။

လူငယ်တွေလည်း အလောင်းတော်နောက်ကို တပြုံကြီး လိုက်လာကြပါတယ်။ သုဿတစ်ခုအနီးရောက်တဲ့အခါ “ဒီအရပ်ဟာ လူငယ်တွေပြုသမျှ တားမြစ်မယ့်သူမရှိရာအရပ် ဖြစ်တယ်။ ငါ့အဖို့ စိတ်ကို အလယ်အလတ်ထားတဲ့ အကျင့်မြတ်ကို အမြင့်ဆုံးရောက်အောင်ကျင့်ဖို့ အခွင့်ကောင်းကြီးရပြီ” လို့ တွေးပြီး လဲလျောင်းနေပါတော့တယ်။

လူငယ်အုပ်စုလည်း အလောင်းတော်ကိုမီလာပြီး အမျိုးမျိုး နောက်ပြောင်ကြပါတော့တယ်။ အချို့က ပြာတွေနဲ့ပက်၊ အချို့က တံတွေးထွေး၊ အချို့က နှပ်တွေသုတ် စသည်ဖြင့် အမျိုးမျိုးပါပဲ။ နောက်နေ့နောက်နေ့တွေမှာလည်း ဒီလူငယ်တစ်သိုက် အလောင်းတော်ရှိရာသို့ ရောက်ရောက်လာပြီး အမျိုးမျိုး စနောက်ပြောင်လှောင်ကြပါတယ်။ နောက်ပိုင်းမှာ လူကြီးတွေသိသွားပြီး “ဒီပုဂ္ဂိုလ်ဟာ သာမန်မဟုတ်ဘူး၊ တန်ခိုးအာနုဘော်ကြီးမားတဲ့ ယောဂီသူတော်စင်ဖြစ်တယ်” စသည်ဖြင့် မစ,မနောက်ဖို့ရာ လူငယ်တွေကို ပြောဆိုတားမြစ်ပြီး အလောင်းတော်ကို အရိုအသေပေးကြ၊ ပူဇော်ကြပါတယ်။

အလောင်းတော်ကတော့ ငါ့ကို ပြစ်မှားကြတယ်ရယ်လို့ လူငယ်တွေအပေါ် မလိုလား မုန်းတီးမှု မဖြစ်သလို ငါ့ကို ရိုသေကြ ပူဇော်ကြတယ်ရယ်လို့ လူကြီးတွေအပေါ် ချစ်ခင်နှစ်သက်မှုမဖြစ်ဘဲ နှစ်မျိုးလုံးအပေါ် တူမျှတဲ့ အလယ်အလတ်ရှုမြင်မှု (ဥပေက္ခာ)နဲ့ နေထိုင်တော်မူခဲ့တယ်-လို့ အလောင်းတော် ဥပေက္ခာပါရမီဖြည့်ခဲ့ပုံကို စရိယာပိဋကအဋ္ဌကထာမှာ ပြဆို ထားပါတယ်။

အလောင်းတော် ကျင့်ကြံတော်မူခဲ့တာတွေကို သုံးသပ်ကြည့်ရင် အထင်သေးအမြင်သေး ချုပ်ချယ်စော်ကားလာရင်လည်း စော်ကားသူတွေအပေါ်မှာဖြစ်စေ၊ စော်ကားခံရမှုမှာဖြစ်စေ မလိုလားမှု၊ စိတ်ဆိုးမှု မဖြစ်စေဘဲ ရိုသေပူဇော်လာရင်လည်း ပူဇော်သူတွေအပေါ်မှာဖြစ်စေ၊ ပူဇော်ခံရမှုမှာဖြစ်စေ လိုလားနှစ်သက်မှုမဖြစ်စေဘဲ ကျင့်ကြံတော်မူတာကို တွေ့နိုင်ပါတယ်။

တကယ်တော့ ဒီလိုကျင့်ကြံနိုင်ဖို့က အလွန့်အလွန်ပဲ မလွယ်ကူလှပါဘူး။ ပုထုဇဉ်ဆိုတာ အလိုကျနှစ်သက်မှုဆိုတဲ့ လောဘတရား၊ အလိုမကျ စိတ်ဆိုးမှုဆိုတဲ့ ဒေါသတရားတွေကို ပယ်နိုင်ကြသူတွေ မဟုတ်သေးပါဘူး။ ဒီတရားတွေ ဖြစ်ပေါ်မှု ကြမ်းတာ၊ နုတာ၊ အခိုက်အတန့် ငုပ်ကွယ်နေတာလောက်ပဲ ကွာကြပါတယ်။

ချမ်းသာ၊ ဆင်းရဲ၊ ချီးမွမ်း၊ ကဲ့ရဲ့စတဲ့ လောကဓံတွေနဲပ မကြုံသေးခင် အလယ်အလတ်ရှုမြင်တတ်အောင် ကြိုးစားနိုင်ပေမဲ့ တကယ်လက်တွေ့ကြုံလာတဲ့အခါ ရှုမြင်နိုင်ဖို့ အထူးခက်ခဲလှပါတယ်။ မိမိကိုယ်တိုင် ကြုံရတဲ့ကိစ္စကို အသာထားလို့ မိမိနဲ့ ဆက်စပ်သူတွေကြုံရတဲ့ကိစ္စမှာတောင် အလယ်အလတ်ရှုမြင်နိုင်ဖို့ ဘယ်လောက်ခက်ခဲကြောင်း တွေးကြည့်နိုင်ပါတယ်။
ဥပမာဆိုပါစို့ - သတ္တ၀ါတွေကို အုပ်စုခွဲလိုက်ရင် -

(၁) မဇ္ဈ = မိမိက ချစ်ခင်နှစ်သက်တာလည်းမရှိ၊ မလိုမုန်းတီးလည်းမရှိတဲ့ ပုဂ္ဂိုလ်၊
(၂) ဝေရီ = မိမိက မလိုလားမုန်းတီးတဲ့ပုဂ္ဂိုလ်
(၃) ပိယ = မိမိက ချစ်ခင်နှစ်သက်တဲ့ ပုဂ္ဂိုလ်-ရယ်လို့ အုပ်စုသုံးခု ရပါတယ်။

အဲဒီထဲက (၁) မဇ္ဈပုဂ္ဂိုလ်နဲ့ပတ်သက်လို့ သူ့ရဲ့ချမ်းသာမှု ဆင်းရဲမှုတွေမှာ ကျေနပ်အားရမှု၊ မလိုလားမနှစ်သက်မှုတွေ မိမိမှာ မဖြစ်ပေါ်အောင် ရှုမြင်နိုင်ဖို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ (၂) ဝေရီပုဂ္ဂိုလ်နဲ့ပတ်သက်လို့ ချမ်းသာသွားတာ၊ ရာထူးအာဏာစသည် ရသွားတာကို မြင်ရကြားရရင် ပင်ကိုယ်က မလိုလားမှု အခံရှိတာကြောင့် မနာလို မလိုလား မှုတွေဖြစ်ဖို့သာ များပါတယ်။

ပြီးတော့ ဒုက္ခရောက်သွားတာကို မြင်ရကြားရပြန်ရင်လည်း ကျေနပ်ဝမ်းသာဖြစ်ဖို့က ပိုများပါတယ်။ (၃) ပိယပုဂ္ဂိုလ်နဲ့ပတ်သက်လို့လည်း ချမ်းသာသွားတာ ရာထူးအာဏာစသည် တိုးတက်သွားတာကို မြင်ရကြားရရင် ပင်ကိုယ်က လိုလားမှုရှိနေတာကြောင့် ကျေနပ်ဝမ်းသာဖြစ်နေဖို့က များပါတယ်။ ဒုက္ခရောက်သွားတာ၊ အခက်အခဲဖြစ်သွားတာကို မြင်ရကြားရပြန်ရင်လည်း စိတ်မချမ်းသာဖြစ်ဖို့က များပါတယ်။ ဒီတော့ မိမိကိုယ်တိုင် ခံစားရတာမဟုတ်ဘဲ မိမိနဲ့ဆက်စပ် သူတွေနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာတောင် မချစ်မမုန်း ၀မ်းမသာ ၀မ်းမနည်းနေနိုင်ဖို့ ဘယ်လောက်ခက်ခဲကြောင်း နားလည် နိုင်ပါတယ်။ ၀မ်းသာဝမ်းနည်း တစ်ဘက်ဘက်ကိုရောက်သွားရင် ဥပေက္ခာ မဟုတ်တော့ပါဘူး။

ပုထုဇဉ်မို့လို့ ဒီလိုကိစ္စတွေမှာ အချစ်၊ အမုန်း၊ ၀မ်းသာ၊ ၀မ်းနည်းဖြစ်ခွင့်ရှိပေမဲ့ ဖြစ်တဲ့အကြိမ်များရာက နည်းလာအောင်၊ အဖြစ်ကြမ်းရာက အဖြစ်နုလာအောင်၊ နုတဲ့ဖြစ်ပေါ်မှုတွေကိုလည်း အချိန်ကာလ အခိုက်အတန့် ကွယ်ပျောက်ငြိမ်း အေးနေအောင်၊ အခိုက်အတန့်ငြိမ်းအေးနေတာကို အချိန်ကြာကြာ ငြိမ်းအေးနေအောင် လုပ်ယူလို့မရတဲ့အရာတော့ မဟုတ်ပါဘူး၊ အလွန့်အလွန်တော့ ခက်ပါတယ်။ ဒါပေမဲ့ လုပ်ယူလို့ရတဲ့အရာတွေသာ ဖြစ်ပါတယ်။ ရလို့လည်းပဲ ဘုရား အလောင်းတော်ကြီးတွေ အခြားအခြားသူတော်ကောင်းကြီးတွေ ကျင့်သုံးတော်မူသွားကြတာပါ။

မျက်မှောက်ကာလာသုံး ဥပေက္ခာသဘောမျက်မှောက်ကာလာမှာတော့ အချို့သူတွေက မိမိနဲ့ အဆင်မပြေသူတွေ၊ ဆိုဆုံးမလို့မရတဲ့ သားသမီးတွေ စတာတွေနဲ့ပတ်သက်လို့ “သူ့အကြောင်းလာမပြောနဲ့၊ မကြားချင်ဘူး၊ သူ့ကို ဥပေက္ခာ ပြုထားတယ်” စသည်ဖြင့် ပြောတတ်ကြပါတယ်။ မိမိစကားကို ဆန့်ကျင်လို့၊ မလိုက်နာလို့၊ မိမိနဲ့အဆင်မပြေလို့ အဆက် အဆံမလုပ်ဘဲ ထားလိုက်တာကို ဥပေက္ခာပြုထားတယ်လို့ ပြောတတ်ကြပါတယ်။ ဒီအတိုင်းသာ နားလည် သဘော ပေါက်ထားကြရင် အလောင်းတော်များ ဖြည့်ကျင့်တော်မူခဲ့တဲ့ ဥပေက္ခာပါရမီတော်ဟာ အတော်ပေါ့ ပျက်ပျက်အလုပ် ဖြစ်သွားပါလိမ့်မယ်။

ဒီကိစ္စမှာ အဆက်အဆံမလုပ်ဘဲ ပစ်ထားတာက မကျေနပ်မှုကို အခြေခံတဲ့ ဒေါသသဘောသာဖြစ်ပါတယ်။ ပြီးတော့ တခါတရံ မိမိအနီးအနားမှာ ဖြစ်ပျက်သွားတာကို သိသင့်မြင်သင့်ပါလျက်နဲ့ ငေးငိုင်တွေဝေနေလို့မို့ မသိလိုက် မမြင်လိုက်တဲ့ ကိစ္စတွေ ရှိတတ်ပါတယ်။ ဒါလည်း ဥပေက္ခာမဟုတ်ပါဘူး၊ မသိနားမလည်မှု မောဟသာ ဖြစ်ပါတယ်။ နောက်ပြီး ကုသိုလ်ရေးအလုပ်တွေမှာ လုပ်သင့်လုပ်ထိုက်ပါလျက်နဲ့ မလုပ်ဘဲ လျစ်လျူရှုနေတာလည်း ရှိတတ်ပါတယ်။

ဒါလည်း ဥပေက္ခာမဟုတ်ပါဘူး။ ပျင်းရိမှု ကေသဇ္ဇသာ ဖြစ်ပါတယ်။ မျက်မှောက်ကာလာမှာ ဒီသဘောတွေကိုလည်း ဥပေက္ခာပြုနေတယ်-လို့ ပြောတတ်ကြပါတယ်။ ဒါတွေကို ဥပေက္ခာလို့ ပြောမယ်ဆိုရင် ဥပေက္ခာတုလို့ ပြောနိုင်ပါလိမ့်မယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ နေတ္တိအဋ္ဌကထာမှာလည်း "မသိနားမလည်မှု မောဟတရားက တွေဝေငေးငိုင်နေလို့မို့ မသိနား မလည်တာကိုပဲ အလယ်အလတ် ရှုမြင်သယောင် လှည့်ပတ်တတ်တယ်။ ကောသဇ္ဇတရားက လုပ်သင့်လုပ်ထိုက်တဲ့ ကုသိုလ်ရေးကိစ္စတွေကို ပျင်းလို့မို့ မလုပ်တာကိုပဲ အလယ်အလတ်ရှုမြင်နေလို့ မလုပ်မိသယောင် ရှုမြင်တတ်တယ်" လို့ အသိပေးထားပါတယ်။ ဥပေက္ခာပွားများသူတွေ အလှည့်ပတ်မခံရအောင် သတိထားစရာပါ။ ဥပေက္ခာအစစ်က မသိနား မလည်မှု အာရုံမစိုက်မှု မရှိပါဘူး။ အာရုံစိုက်ပါတယ်။ သိနားလည်ပါတယ်။ အာရုံစိုက် သိနားလည်နေတဲ့အာရုံမှာ အလယ်အလတ်ရှုမြင် (ရှုမြင်အောင်ကြိုးစား)တာပါ။

အလယ်အလတ်ရှုမြင်နိုင်အောင်ဒီတော့ ကြုံလာတဲ့ ကောင်းမကောင်းအာရုံတွေမှာ အလယ်အလတ်ရှုမြင်နိုင်အောင် ဘာလုပ်ရမလဲလို့ မေးစရာရှိတယ်။ အဓိက အခြေခံကောင်းရမှာက ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ်ပါပဲ။ ကံတရားနဲ့ ကံအကျိုးပေးသဘောကို ယုံကြည်ပြီး "ကမ္မဿကာ - ငါနဲ့တကွ သတ္တဝါအားလုံး ကံတရားသာ ကိုယ်ပိုင်ဥစ္စာရှိကြတယ်။ ချမ်းသာဆင်းရဲမှန်သမျှ ကံတရားကြောင့် ဖြစ်ကြရတာ။ ဘယ်သူမှ ပြင်ဆင်လို့ရတဲ့အရာ မဟုတ်ဘူး" လို့ ဆင်ခြင်နှလုံးသွင်းရပါတယ်။

ဒီသဘောကို စွဲမြဲနေအောင် အကြိမ်ကြိမ်အခါခါ ပွားများရပါတယ်။ ပွားများမှုအားကောင်းရင် ကောင်းသလောက် ရှုမြင်မှုလည်း ခိုင်မြဲအားကောင်းပါလိမ့်မယ်။ စွဲမြဲသွားရင်တော့ ကြုံလာတဲ့အာရုံမှာ အစွန်းတစ်ဘက်မရောက်ဘဲ အလယ် အလတ်ရှုမြင်နိုင်ပါလိမ့်မယ်။ ဒီလိုပွားများမှုကို သြဒိဿ-အနောဒိဿ = သတ္တဝါတွေအပေါ်မှာ ရည်စား၊ မရည်စား အနေနဲပရော၊ ဒိသာဖရဏ - အရပ်မျက်နှာဖြန့်တဲ့နေရာနဲ့ပါ ဆင်ခြင်ပွားများနိုင်ကြောင်း ကျမ်းဂန်တွေမှာ မိန့်ဆိုကြပါတယ်။

အလယ်အလတ်ရှုမြင်ရကျိုးစိတ်ကို အလယ်အလတ်(ဥပေက္ခာ)ထားနိုင်ဖို့ကိစ္စ ကမ္မဿကတဉာဏ်ကို အခြေခံ ကြောင်းပြဆိုခဲ့ပြီးပါပြီ။ ကမ္မဿကတာဉာဏ် ရင့်သန်မှုဟာလည်း ကြုံလာတဲ့အာရုံမှာ အလယ်အလတ်ရှုမြင်နိုင်ဖို့ ကြီးမားတဲ့စွမ်းအင်ဖြစ်ပါတယ်။ ကမ္မဿကတာဉာဏ်ရင့်သန်သူဟာ ကံတရားနဲ့ ကံအကျိုးပေးသဘောမှာ ယုံကြည်မှု အားကောင်းတာကြောင့် မကောင်းကျိုးတွေ ဖြစ်ပေါ်စေမယ့် ဒုစရိုက်တွေကို မလုပ်မိအောင် အထူးစောင့် စည်းရှောင်ကြဉ်ကြပါတော့တယ်။ စောင့်စည်းရှောင်ကြဉ်တာကြောင့် မစောင့်စည်းလို့ လက်ရှိဘဝ ကြုံတွေ့နိုင်တဲ့ အဖမ်းအဆီး အချုပ်အနှောင်စတဲ့ ဘေးအမျိုးမျိုးက လွတ်ကင်းရပါတယ်။

ကောင်းကျိုးတွေဖြစ်စေမယ့် ကုသိုလ်တရားတွေကိုသာ အခွင့်အခါ ရှာကြံပြုလုပ်တာကြောင့် အကုသိုလ်ဖြစ်ခွင့် နည်းသွားပါတယ်။ လိုချင်မှု၊ စိတ်ဆိုးမှု၊ မနာလိုမှု၊ ဝန်တိုမှုစတဲ့ အကုသိုလ်အပူ နည်းသွားလို့မို့ စိတ်ချမ်းသာ ကိုယ်ချမ်းသာမှုကို အပြည့်အဝ ရနိုင်ပါတယ်။ ကောင်း မကောင်း လောကဓံတွေနဲ့ ကြုံတွေ့လာတဲ့အခါမှာလည်း များစွာ သော သတ္တဝါတွေဟာ အကောင်းလောကဓံနဲ့တွေ့ရင် မြောက်ကြွတုန်လှုပ်ရသလို အဆိုးလောကဓံနဲ့တွေ့ရင်လည်း ယိမ်းယိုင်အားပျော့ တုန်လှုပ်တတ်ကြပါတယ်။ အလယ်အလတ်ရှုမြင်မှု(ဥပေက္ခာ)ကို ပွားများထားသူအဖို့တော့ မတုန်မလှုပ် ကျော်လွှားနိုင်တဲ့ စွမ်းအားကို အပြည့်အဝ ရနိုင်ပါတယ်။

ဒါတင်မကပါဘူး၊ မေတ္တာဘာဝနာ ပွားများသူဟာ အကျိုး(၁၁)မျိုး ရရှိသလို၊ စိတ်ကို အလယ်အလတ်ထား နိုင်မှု (ဥပေက္ခာဘာဝနာ)ကို ပွားများသူလည်း အဲ့ဒီအကျိုး(၁၁)မျိုးကို ရရှိကြောင်း ကျမ်းဂန်များမှာ မိန့်ဆိုထားပါတယ်။

ဒါတွေကိုကြည့်ရင် ဥပေက္ခာဘာဝနာ (စိတ်ကို အလယ်အလတ်မှာထားမှု)ဟာ သတ္တဝါတွေအတွက် ဘယ်လောက် တန်ဖိုးကြီးတယ်ဆိုတာ တွေ့မြင်နိုင်ပါတယ်။ ဥပေက္ခာနှင့်စပ်လို့ သိလိုပါကြောင်း လျှောက်ထားမေးမြန်းလာတဲ့ ဒကာ တင်မောင်ကျော်ကို သတိရစွာနဲ့ -

အရှင်နန္ဒသေနာလင်္ကာရ

ကျမ်းကိုး -
၁။ စရိယာ၊ ဋ္ဌ၊ ၂၅၉။
၂။ နေတ္တိ၊ ဋ္ဌ၊ ၉၀။
၃။ ဘိ၊ ၂၊ ၂၈၈။ ဝိသုဒ္ဓိ၊ ၁၊ ၃၀၄။
၎။ ဝိသုဒ္ဓိ၊ ၁၊ ၃၁၁။

No comments:

Post a Comment