www.24work.blotsport.com

Blogger Widgets Blogspot Tutorial Blogger Widgets Blogspot Tutorial

Tuesday, June 18, 2013

စိတ်ကူးပျော်ရာ: ရှိရင်ကောင်းမယ်" (မင်းလူ)

စိတ်ကူးပျော်ရာ: ရှိရင်ကောင်းမယ်" (မင်းလူ):

ရှိရင်ကောင်းမယ်" (မင်းလူ)




“ရေဒီယိုလေး တစ်လုံးလောက် ရှိရင်ကောင်းမယ်” ဟု အဖေတို့ အမေတို့ ငယ်ငယ်က တမ်းတခဲ့ကြသည်ဟု
ကြားဖူးသည်။ ထိုစဉ်က ရေဒီယို မဆိုထားနှင့်၊ လျှပ်စစ်မီးတောင် အိမ်တိုင်းမှာရှိကြသည်မဟုတ်။ လူကုံထံများသာ
အိမ်ဧည့်ခန်းမှာ သေတ္တာတစ်လုံးနှင့်တူသော ရေဒီယိုကြီးများကို ရှိုးပြထားနိုင်တာ ခေတ်ဟောင်းရုပ်ရှင်တွေထဲ
ကြည့်ဖူးသည်။

အဖေနှင့် အမေ လက်ထပ်ပြီးကာစ၌ ကျားကူးကွက်သစ်မှာ နေသည်။ ပုံနှိပ်စက်ကလေး ထောင်ရာမှ စီးပွားရေး
ချောင်လည်စ ပြုလာသည်။ အဖေနှင့် အမေတို့သည် သူတို့ ကလေးဘဝကတည်းက စိတ်ကူးယဉ်ခဲ့သော ရေဒီယို
ကလေးတစ်လုံး ဝယ်ဖြစ်ခဲ့လေသည်။ တခြားလူတွေလည်း နားထောင်ချင်ကြမှာပဲ ဆိုပြီး ရေဒီယိုလာချိန်ကျလျှင်
အိမ်အပြင်ကို အော်လံလေး တစ်ခုထုတ်ပြီး ခပ်ကျယ်ကျယ် ဖွင့်ပေးထားသည်။ ရပ်ကွက်ထဲမှ လူများက အိမ်ရှေ့
ကွက်လပ်မှာ စုရုံးထိုင်ကြပြီး နားထောင်ကြသည်။ ကျွန်တော်တို့ ရှစ်တန်း၊ ကိုးတန်းလောက်တွင် ရေဒီယို
ကက်ဆက်တွေ စပေါ်သည်။ ရေဒီယိုလည်း နားထောင်လို့ရ၊ ကိုယ်ကြိုက်တဲ့ သီချင်းဆိုလည်း ကူးယူထားလို့ရ၊
သီချင်းခွေတွေလည်း ဖွင့်လို့ရသဖြင့် အလွန် အဆင်ပြေသည်။

“ကက်ဆက်လေး တစ်လုံးလောက် ရှိရင်ကောင်းမယ်” ဟု ကျွန်တော်တို့ တမ်းတခဲ့ရဖူးသည်။
သမီးအကြီးမ စကားတတ်ကာစတွင် “ထီပေါက်ရင် တီဗီဝယ်ပေးနော်” ဟု ပူဆာတတ်၏။
ရုပ်မြင်သံကြားပေါ်လာပြီး နှစ်အတော်ကြာသည်အထိ ကျွန်တော့်အိမ်မှာ မဝယ်နိုင်သေး။ ဇာတ်ကားကောင်းလို့
ကြည့်ချင်လျှင် သူများအိမ် သွားကြည့်ရ၏။ တစ်ချိန်က ရုပ်ရှင်ကြည့်ချင်လျှင် ရုံရှိရာသို့ တကူးတကသွား၊ လက်မှတ်ရဖို့
တိုးဝှေ့ပြီးမှ ကြည့်ရသည်။ ရုပ်မြင်သံကြားကတော့ ကိုယ့်အိမ်မှာထိုင်ပြီး အေးအေးသက်သာ ကြည့်နိုင်သည်။ ထို့ကြောင့်
ကလေးသာမက တစ်အိမ်လုံးနှင့် ကျွန်တော်ကပါ “တီဗီတစ်လုံးတော့ ရှိရင်ကောင်းမယ်” ဟူသော ဆန္ဒ ဖြစ်ပေါ်လာမိ၏။
သို့တိုင်အောင် နောက် လေးငါးနှစ်လောက်ကြာမှ တီဗီတစ်လုံး ဝယ်နိုင်ခဲ့ပါသည်။

သမီးအငယ်မ အလှည့်ကျတော့ “အောက်စက်.... အောက်စက်” ဆိုသော အသံထွက်လာသည်။ ဗီဒီယိုအခွေတွေ
ခေတ်စားသည့် ကာလဖြစ်၏။ တစ်အိမ်သားလုံးကလည်း ဝယ်သင့်သည်ဟု ထောက်ခံကြသည်။ ကျွန်တော်ကလည်း
ဗီဒီယိုဇာတ်ညွှန်းတွေ ရေးဖြစ်လာသဖြင့် လုပ်ငန်းသဘောအရ အိမ်မှာ ဗီဒီယိုပြစက် တစ်လုံးရှိဖို့ လိုအပ်လာသည်။ (အမှန်က
ထိုအချက်မှာ အကြောင်းပြခြင်းသက်သက်သာ ဖြစ်၏။) ဘာပဲဖြစ်ဖြစ် ဗီဒီယိုပြစက် တစ်လုံးဝယ်နိုင်ဖို့ ငွေစုရပြန်လေသည်။

* * * * *

မြန်မာ့ရုပ်မြင်သံကြားတို့၊ မြဝတီတို့က အစီအစဉ်တွေ ကောင်းသည့်အခါ တီဗီကြည့်လိုက်၊ တစ်ခါတစ်လေ
အခွေငှားကြည့်လိုက် ငြိမ့်နေကြသည်။ ဒီကြားထဲ ဂြိုဟ်တု ရုပ်မြင်သံကြားဆိုတာ ခေတ်စားလာပြန်၏။ အိမ်မှာ စလောင်း
တပ်ထားလျှင် အကြီးအသေးအလိုက် ဆက်သွယ်ရေးဂြိုဟ်တု လေးငါးဆယ်ခုအထိ ဖမ်းယူနိုင်သည်။ ဂြိုဟ်တု တစ်ခုတည်း
ကပင် အစီအစဉ်ပေါင်း များစွာကို ဖမ်းယူကြည့်ရှုနိုင်သည် ဆို၏။ အားလုံးပေါင်းလိုက်သောအခါ နှစ်ဆယ့်လေးနာရီပတ်လုံး
အချိန်မရွေး ကြည့်နိုင်လေသည်။ ရုပ်ရှင်တွေ၊ ကာတွန်းတွေ၊ စတိတ်ရှိုးတွေ၊ အားကစားပွဲတွေ၊ ဗဟုသုတ ဖြစ်စရာတွေ၊
နောက်ဆုံးပေါ် ကမ္ဘာ့သတင်းတွေ တဝကြီးကြည့်ရမည်။

သူက အသုံးတည့်သလို စရိတ်ကလည်း ကြီးသည်။ စလောင်း၊ ဘူစတာ၊ ရစီဗာ စသည်ဖြင့် တစ်စုံလျှင် လေးငါးသောင်းမှ
သိန်းချီသည်အထိ ရှိသည်။ လိုင်စင်ကြေးကလည်း တစ်နှစ်အတွက် တစ်သောင်းနှစ်ထောင် ကျသည်။ ဒီတော့ လောလောဆယ်မှာ
မတတ်နိုင်သေး။ စိတ်ကူးယဉ်ရုံလောက်နှင့်သာ ကျေနပ်ရသည်။ တခြားအချိန်တွေမှာ မေ့မေ့ပျောက်ပျောက်နေနိုင်သော်လည်း
မြန်မာဘောလုံးအသင်းပါဝင်သော အာရှပွဲတွေ ဂြိုဟ်တုမှ တိုက်ရိုက်ထုတ်လွှင့်သည့် အခါမျိုးမှာကျတော့ “စလောင်းမရှိတာ
နာတယ်” ဟု မချင့်မရဲ ဖြစ်ရလေ၏။

* * * * *

ကျွန်တော့်ဇနီးသည် ရုံးသွားရုံးပြန် ဘတ်စ်ကားနှင့် သွားရသည်။ ကျောင်းသူဘဝကတည်းက ဘတ်စ်ကားတိုးစီးလာရသူ
ဖြစ်၍ အလေ့အကျင့်ရနေပြီ။ သို့တိုင်အောင် တစ်ခါတစ်ခါ ဘတ်စ်ကားကြပ်နေတာမျိုးနှင့် ကြုံရလျှင်၊ မိုးတွေ သိပ်သည်းနေလျှင်၊
နေပူကြဲကြဲထဲမှာ အကြာကြီး ကားစောင့်ခဲ့ရလျှင် ညည်းညူတတ်သည်။ နှုတ်က ဖွင့်မပြောသော်လည်း စိတ်ထဲတွင်
“ကားလေးတစ်စီးလောက် ရှိရင်ကောင်းမယ်” ဟု တောင့်တမိလိမ့်မည် ထင်၏။ ကျွန်တော့်ကလေးများမှာ မိုင်ဝက်ခန့်
ဝေးသော ကျောင်းကို လမ်းလျှောက်သွားကြရ၏။ ခုခေတ် ကလေးတွေ သယ်ရသည့် စာအုပ်မှာ တနင့်တပိုးကြီး ဖြစ်၏။
ထမင်းဘူး၊ ရေဘူးထည့်သည့် ခြင်းတောင်းကို လက်တစ်ဘက်က ဆွဲရသေးသည်။ အဖေဖြစ်သူ စာရေးဆရာ၏ အခြေအနေကို
သိ၍ မပူဆာကြသော်လည်း “ကားကလေးနှင့် ကျောင်းတက်ရရင် ကောင်းမှာပဲ” ဟု သူတို့ချင်း ကျိတ်၍ ပြောမိကြမှာ သေချာသည်။


ကျွန်တော်သည် ကားရူးရူးနေသူ တစ်ယောက် မဟုတ်ပါ။ မော်တော်ကားကို ဇိမ်ခံပစ္စည်းအဖြစ် သတ်မှတ်ခဲ့သူ တစ်ယောက်လည်း
မဟုတ်ပါ။ ကားဝယ်လိုက်လျှင် တစ်စင်းပဲ ပိုင်မည်။ မဝယ်ဘဲနေရင် ရှိသမျှဘတ်စ်ကားတွေ၊ တက္ကစီတွေကို ကိုယ့်ကားလို
သဘောထားလို့ရသည် ဟူ၍ပင် ယူဆခဲ့သူ ဖြစ်၏။ ငယ်ကလည်း ငယ်သေးတော့ ဘတ်စ်ကားတိုးစီးရတာကိုတောင်
ပျော်စရာမှတ်ခဲ့သေးသည်။ အရှိန်နှင့် ထွက်စပြုနေသော ဘတ်စ်ကားနောက်ကို ပြေးလိုက်ပြီး မမီမကမ်း စွေ့ခနဲ
ခုန်တက်လိုက်ရတာများ အေးခနဲနေအောင် အရသာရှိ၏။ တစ်ချိန်က မော်တော်ကားတွေ ရှားပါးခဲ့သော်လည်း ခုချိန်မှာတော့
မော်တော်ကားဆိုသည်မှာ အထူး အခွင့်အလမ်း မဟုတ်တော့။ လူလတ်တန်းစားတွေတောင် ကားစီးနိုင်နေပြီ။ ကျွန်တော်က
လူလတ်တန်းစားထဲက အလယ်အလတ်အဆင့်မှာ ရှိသဖြင့် ကားတော့ မစီးနိုင်သေး။ ကားစီးနိုင်အောင် ကြိုးစား စုဆောင်းနိုင်သည့်
အခြေအနေတော့ အစပျိုးပြီဟု ဆိုရမည်။ တစ်ခါတစ်လေ ခရီးဝေးမှာနေသည့် မိတ်ဆွေအပေါင်းအသင်းများ၏ သာရေးနာရေး
ကိစ္စမှာ လမ်းပန်းအခက်အခဲကြောင့် ပျက်ကွက်လိုက်ရလျှင် “ကားမရှိတာ နာတယ်” ဟု ရေရွတ်မိတတ်လေပြီ။

* * * * *

နွေရောက်လို့ ပူပြင်းခြောက်သွေ့ပြီး ချွေးသံတရွှဲရွှဲ ဖြစ်နေရသည့်အခါ ရေခဲသေတ္တာ အသေးစားလေးတွေ လျှော့ဈေးနှင့်
ရောင်းတုန်းက မဝယ်လိုက်မိသည်ကို နောင်တရချင်သလို ဖြစ်မိ၏။ အိမ်မှာ ခုရှိနေသည့် ခေတ်ဟောင်းပုံစံ တယ်လီဖုန်း
ကလေးတောင် အဖေ ထားရစ်ခဲ့လို့ သုံးခွင့်နေရသူက ဆယ်လူလာဆိုတာကို စိတ်ဝင်စားမိသေးသည်။ သို့ရာတွင်
ငါးသိန်းလောက် ကျမည်ဆိုတော့ကိုယ်နှင့်လည်း သိပ်မကိုက်လှသေး။ မတော်တဆ ဘတ်စ်ကား တွယ်စီးနေတုန်း
ဆယ်လူလာဖုန်းက ခေါ်သံမြည်လာလျှင် ခက်မယ်မဟုတ်လား။

ခုတလော သတင်းစာထဲမှာ လေအေးစက်ကြော်ငြာတွေ ခဏခဏ ပါသည်။ နောက်ဆုံးပေါ် အမျိုးအစားတွေတောင်
မြန်မာ့ဈေးကွက်ထဲ ရောက်နေပြီဟု ဆို၏။ သို့ရာတွင် ကျွန်တော့်အိမ်မှာ သံဇကာတွေ တပ်ထားသော ပျဉ်ထောင်တစ်ပိုင်းအိမ်
ဖြစ်၍ လေအေးစက်နှင့် မသင့်လျော်။ သင့်လျော်သည့်တိုင် ဝယ်တပ်နိုင်ဖို့ ဝေးသေးသည်။ လေအေးစက်သာမက ရေအပူပေးသည့်
စက်တွေလည်း ခေတ်စားနေသည်။ ဆောင်းတွင်းဘက် သိပ်အေးသည့် ရက်များမှာ ရေစိမ်း မချိုးနိုင်သဖြင့် ရေနွေးရော၍ ဖြစ်စေ၊
နေပူလှမ်း၍ ဖြစ်စေ ချိုးရသည်။ ထိုအခါ “ရေအပူပေးတဲ့စက် ဆိုတာ ဘယ်ဈေးလောက်ရှိမလဲ” ဟု တွေးမိတတ်သည်။
(တကယ်လည်း တွေးသည့်အဆင့်မှာသာ ရှိသေးသည်။ လောလောဆယ်မှာတော့ အလကားရနေသည့် နေစွမ်းအင်ကိုသာ
အားကိုးနေရသည်။)

* * * * *

ကွန်ပျူတာဆိုတာကို စပြီး ကြားဖူးစဉ်ကတည်းက စိတ်ဝင်စားခဲ့သည်။ အလွန် ထူးခြားထိရောက်ပြီး အသုံးဝင်သည့်
ပစ္စည်းမှန်း သိခဲ့၏။ ကွန်ပျူတာက ဆောင်ရွက်ပေးနိုင်သော လုပ်ငန်းများမှာ မရေမတွက်နိုင်အောင်ပင် ဖြစ်၏။ နေရာတိုင်းမှာ
ကွန်ပျုတာ မပါလျှင် မပြီးသလို ဖြစ်လာ၏။ လူတို့၏ နေ့စဉ်ဘဝမှာ တစ်ခုမဟုတ် တစ်ခုတော့ ကွန်ပျူတာနှင့် မကင်းနိုင်ဟု
ဆိုရမည်။ လူကြီးများသာမက ကလေးများ၏ ဘဝထဲမှာပင် သူက ဝင်ကြီးစိုးလာသည်။ ကွန်ပျူတာ ကစားနည်းများ
ခေတ်စားလာခြင်းပင် ဖြစ်၏။ ကျွန်တော်သည် ကွန်ပျူတာကို စိတ်ဝင်စားခဲ့သော်လည်း ခုချိန်ထိ မြင်ဖူးရုံသာရှိ၏။
ခလုတ်တစ်ချက်လောက်တောင် တစ်ခါမှ မနှိပ်ဖူးသေး။ သူများရိုက်နေတာကိုတော့ ဘေးမှကြည့်ဖူးသည်။

စာမူတွေကို ကွန်ပျူတာနှင့်ရိုက်နေတာ ကြည့်ပြီး မချင့်မရဲ ဖြစ်မိ၏။ ကွန်ပျူတာနှင့် စာရိုက်သည့်အခါ စာလုံးပုံစံမျိုးစုံ၊
အရွယ်အစားမျိုးစုံကို ကိုယ်ကြိုက်သလို ပြောင်းလဲရိုက်နိုင်သည်။ စာကြောင်းတွေ၊ စာပိုဒ်တွေ လိုသလို ရွှေ့နိုင်သည်။
စာပိုဒ်များ ဖြုတ်ပစ်ခြင်း၊ အစားထိုးပစ်ခြင်းကို စက္ကန့်အနည်းငယ်အတွင်း ပြုလုပ်နိုင်သည်။ လိုသောအခါကျမှ
ထုတ်သုံးလို့ရအောင် ကွန်ပျူတာကို မှတ်ထားခိုင်းလို့ရသည်။ ဒါက ကွန်ပျူတာတစ်လုံးအဖို့ အဆင့်အနိမ့်ဆုံး
လုပ်ဆောင်ရခြင်းသာ ဖြစ်၏။ ကွန်ပျူတာနှင့် ပုံတူကူးတာ၊ ပုံဆွဲတာ၊ ဇယားချတာ၊ ပုံနှိပ်စက်အတွက် အရောင်ခွဲပေးတာ၊
ဓာတ်ပုံ ကူးဆေးပေးတာ စသည်တို့မှာ အသေးအဖွဲကလေးများသာ ရှိသေးသည်။

ကွန်ပျူတာ၏ လုပ်ဆောင်ချက်များကို ကြည့်ပြီး သွားရည်ယိုမိ၏။ ဝတ္ထုတွေ၊ ဇာတ်ညွှန်းတွေကို ကွန်ပျူတာနှင့် ရေးရလျှင်
ကောင်းမှာပဲဟု ချဉ်ခြင်းတပ်မိခြင်း ဖြစ်၏။ သို့ရာတွင် ကျွန်တော့်ဆီမှာ ကွန်ပျူတာနှင့် တူတာဆိုလို့ သူငယ်ချင်းတစ်ယောက်
လက်ဆောင်ပေးထားသော ဖုန်းနံပါတ်မှတ်လို့ရသည့် ဂဏန်းပေါင်းစက်ကလေးသာ ရှိ၏။ ဒီကြားထဲ အင်တာနက်ခေါ်
ကွန်ပျူတာကွန်ယက်စနစ် ပေါ်လာသည်။ ယင်းစနစ်ထဲ ပါဝင်ခွင့်ရလျှင် မိမိအိမ်မှ ကွန်ပျူတာကို ဂြိုဟ်တုမှတစ်ဆင့်
တစ်ကမ္ဘာလုံးရှိ အဖွဲ့ဝင်ထားသော ကွန်ပျူတာများနှင့် ဆက်သွယ်လို့ရသွားပြီ ဖြစ်၏။ မိမိ သိရှိလိုသော အချက်အလက်များ၊
စာအုပ်စာတမ်းများကို ကမ္ဘာ့ စာကြည့်တိုက်ကြီးများရှိ ကွန်ပျူတာများသို့ ဆက်သွယ်တောင်းယူ ဖတ်ရှုနိုင်သည်။
ပုံမှန်ထုတ်လွှင့်နေသော သတင်းလွှာတွေကို ဖတ်နိုင်သည်။ မိမိ ဝါသနာပါရာ အကြောင်းအရာတစ်ခု အကြောင်းကို
အခြားကွန်ပျူတာ ပိုင်ရှင်များနှင့် အခြေအတင် ဆွေးနွေးနိုင်သည်။ ကိုယ့်မှာ ဖြစ်ပေါ်နေသော ပြဿနာတစ်ရပ်ကို
အင်တာနက်မှတစ်ဆင့် တင်ပြပြီး အကူအညီ၊ အကြံဥာဏ် တောင်းခံနိုင်သည်။

အင်တာနက် အသုံးဝင်ပုံကတော့ ပြောမကုန်အောင်ပင် ဖြစ်၏။ ကမ္ဘာကြီးတစ်ခုလုံးကို ကိုယ့်အိမ်ထဲ ထည့်ထားရသလို
နေလိမ့်မည်။ သွားရည်ယိုစရာကြီး ဖြစ်၏။ သို့ရာတွင် ကမ္ဘာကြီးကို အိမ်ထဲမထည့်ခင် ဆန်တစ်အိတ် အိမ်ထဲထည့်နိုင်ဖို့
အရင်ကြိုးစားရပေဦးမည်။

* * * * *

တကယ်တော့ ကျွန်တော်တို့ မိသားစုမှာ ရိုးရိုးကုပ်ကုပ်၊ အေးအေးချမ်းချမ်း နေချင်ကြသူများသာ ဖြစ်၏။ သို့ရာတွင်
တိုးတက်ပြောင်းလဲနေသော ခေတ်ကြီးမှာ နောက်ကျ မကျန်ရစ်အောင် မမီမကမ်း ပြေးလိုက်နေရလေသည်။
ခုချိန်မှာ ခေတ်မီမိသားစုဖြစ်ဖို့ လိုအပ်သော အသုံးအဆောင်၊ အထောက်အကူပြု ပစ္စည်းတွေက များပြားလွန်းလှသည်။
အဖေတို့ ငယ်စဉ်ခေတ်ကလို ရေဒီယိုတစ်လုံးရှိရုံနှင့် လူတစ်လုံး သူတစ်လုံး မဖြစ်နိုင်တော့။ ခေတ်ကြီးကို ရင်ဘောင်တန်း
လိုက်နိုင်ဖို့ ခုလောလောဆယ် လိုအပ်သည့် ပစ္စည်းကိရိယာ အပြည့်အစုံကို အသုံးပြုနိုင်သော လူတန်းစားမှာ အနည်းငယ်သာ
ရှိသေးသည်။ လူသာမန်တို့အဖို့ လက်လှမ်းမမီနိုင်သေး။ ဒီတော့ ကျွန်တော်တို့လို လူများအဖို့ လိုက်လေဝေးနေ ဖြစ်နေမှာ
မြင်ယောင်သေးသည်။

သိပ္ပံပညာ ဆိုသည်မှာ လူတို့ သက်သောင့်သက်သာ ဖြစ်နိုင်သမျှ ဖြစ်အောင် အစဉ်အမြဲ ကြိုးစားရှာဖွေ တီထွင်နေရသော
ပညာရပ်ဖြစ်၏။ သိပ္ပံပညာ၏ အကူအညီဖြင့် အလုပ်တွေ တွင်ကျယ်လာပြီး အားလပ်ချိန်တွေ ပိုလာလိမ့်မည်။ လူမှုရေးကိစ္စ၊
အပန်းဖြေ အနားယူနိုင်ရေး ကိစ္စတို့အတွက် အချိန်တွေ ပိုထွက်လာထွက်လာလိမ့်မည်ဟု သိပ္ပံပညာရှင်များက
မျှော်လင့်ခဲ့ကြသည်။ လက်တွေ့တွင် ထိုသို့ ဖြစ်မလာသေး။ လွန်ခဲ့သော နှစ်ပေါင်းများစွာက သတ်မှတ်ပြဌာန်းခဲ့သော
တစ်နေ့ အလုပ်ချိန် ရှစ်နာရီမှာ လျော့မသွားသေး။ ပိုတိုးလာဖို့တောင် တာစူနေသည်။ ထိုအချက်ကို အထင်ရှားဆုံး
သက်သေပြနေသည်မှာ ကွန်ပျူတာပင် ဖြစ်၏။

* * * * *

ကွန်ပျူတာတစ်လုံးသည် လူတစ်ယောက် လုပ်နိုင်သည်ထက် အဆပေါင်းများစွာ သန်းနှင့်ချီပြီး ပိုလုပ်နိုင်သည်။ ကွန်ပျူတာ
ပညာရှင်တစ်ယောက်သည် အရင်က လပေါင်းများစွာ လုပ်ရမည့် အလုပ်ကို ကွန်ပျူတာအကူအညီဖြင့် မိနစ်ပိုင်းအတွင်း
ပြီးအောင် လုပ်နိုင်သည်။ ထို့ကြောင့် ကွန်ပျူတာစက် ကိုင်သူတစ်ယောက်သည် တစ်လမှ တစ်နာရီထဲ အလုပ်လုပ်ဖို့
လိုအပ်သည်ဟု ထင်လျှင် အမှားကြီး မှားလိမ့်မည်။ သူသည် တစ်နေ့တာလုံး ကွန်ပျူတာ ဖန်သားပြင်နှင့် မျက်နှာမခွာတမ်း
လုပ်နေရသည်။

ဒီလောက်မြန်အောင် လုပ်နိုင်စွမ်း ရှိပါလျက် အလုပ်တွေက ဘာကြောင့် ပိုများလာရသလဲ။ ဘာကြောင့် အားလပ်ချိန်တွေ
ပိုနည်းလာရသလဲ။ ကွန်ပျူတာပညာရှင်များမှာ ရိုးရိုး သာမန် စာရေးဝန်ထမ်းတစ်ယောက်ထက် ကျန်းမာရေး ပိုထိခိုက်သည်။
စိတ်ဖိစီးမှု ပိုများသည်ဟု ကြားဖူးသည်။ ဒီတော့ သိပ္ပံပညာက နည်းပညာသစ်တွေ ထပ်ထွင်လေ၊ လူတွေ အလုပ်ပိုများလေ
ဖြစ်လာနိုင်သည်။ ဒီအတိုင်းဆိုလျှင် မလွယ်ဘူးထင်သည်။ လူနှင့် သိပ္ပံပညာကြားမှာ တစ်ခုခုများ လွဲချော်နေသလား။
အဖြေရှာကြည့်ဖို့ ကောင်းသည်။

သာမန်လူ့ဦးနှောက်နှင့်တော့ စဉ်းစားဖို့ မလွယ်။ အဖြေကို ကွန်ပျူတာနှင့် ရှာကြည့်ရကောင်းမလား။ ဒါဆိုလျှင်တော့
ထိုအဖြေရဖို့ ကွန်ပျူတာ ပရိုဂရမ်တစ်ခုကို ရေးဆွဲထည့်သွင်းရန်အတွက် အလုပ် ထပ်ရှုပ်ကြရပြန်ပေဦးမည်။


No comments:

Post a Comment